Wednesday, December 2, 2009

တိုင်းရင်းသားကျေးရွာ - ကချင်




ခါကာဘိုရာဇီတောင်ပုံစံပါ။ ကြိုးတံတားနဲ့ အလှဆင်ထားပါတယ်။ ကချင်ရိုးရာအိမ်ရဲ့ နောက်ဖေးကနေ ကြည့်ရင် လှမ်းမြင်နေရတဲ့ ပုံစံဖြစ်ပါတယ်။ ရိုးရာအိမ်တွေ တစ်ရွာ နဲ့ တစ်ရွာ အကူးမှာ နေပူပေမယ့်လို့ ရွာတစ်ရွာ ရောက်လို့ ရိုးရာအိမ်လေးထဲကို ၀င်လိုက်ရင် အေးပါတယ်။

မနက်စောစောသွားတာမို့ လူသိပ်များများ မတွေ့ခဲ့ဘူး။ ညနေပိုင်းလောက်ဆို အဲဒီ တိုင်းရင်းသား ကျေးရွာမှာ နှစ်ယောက်နင်း စက်ဘီးကိုစီး၊ တိုင်းရင်းသားကျေးရွာ ၀င်ပေါက် ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အစားအသောက် ဆိုင်လေးတွေမှာ ထိုင်ပီး စားသောက်ရင်တော့ တော်တော် ကြည့်နူးဖို့ ကောင်းမှာပါ။ အဲဒီ အနီးတ၀ိုက်က လူတွေပဲ လာကြတာလားတော့ မသိပါ။

ကျေးရွာ ၀န်းထဲကို ပတ်တဲ့ ကားစီးပီး ကျေးရွာတွေ လိုက်ကြည့်ရင် ရှင်းပြမယ့်သူ ပါမလား မသိဘူး။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို သွားတုံးက zoo ထဲ ပတ်မောင်းကြည့်တဲ့ ကားကို နာရီပိုင်းနဲ့ စီးတဲ့အခါမှာ အဲဒီ ကားမောင်းတဲ့ လူက ရှင်းပြတယ်။ မြန်မာလိုပါ။ ဘယ်အကောင်ကတော့ ဘယ်ကနေ ပို့လိုက်တာ။ ဘယ်အကောင်က ဘယ်ကိုတော့ ရောက်သွားပီဆိုတာပါ။

ဒီကျေးရွာမှာလည်း အဲလိုမျိုး လိုက်ရှင်းပြမှပဲ ရမှာပါ။ ကိုယ်တို့သွားတာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆိုတော့ အိမ်တွေ ဒီအတိုင်းပဲ မြင်ရပါတယ်။ ရှင်းပြမယ့်လူလည်း မတွေ့ပါ။ အိမ်တွေကို ဘယ်ဘက် မျက်နှာမူ လှည့်ဆောက်ထားတာလဲး ဆိုတာကိုလည်း မလေ့လာခဲ့ပါဘူး။ မြင်ချင်သလို မြင်ပီး ဓာတ်ပုံရိုက်၊ ပီးရင် စားသောက်ပီး နေပူတယ် ဆိုပီး အိမ်ကိုပြန်လာခဲ့ကြတာပါ။

ရန်ကုန် မြို့လယ်မှာရှိတဲ့ ကရ၀ိတ်ပန်းခြံလောက် လူမများဘူး။ အေးအေးဆေးဆေး အပန်းဖြေလို့ ကောင်းတဲ့ နေရာတစ်ခုပါပဲ။ တိုင်းရင်းသားဝတ်စုံလေး ၀တ်ပီး ဓာတ်ပုံ ရိုက်ဖို့အတွက် နဲ့ တိုင်းရင်းသားရိုးရာ အစားအသောက်များ စားသောက်ဖို့အတွက်ဆိုရင် အဆင်ပြေပါတယ်။ တိုင်းရင်းသား ၀တ်စုံတွေလည်း ၀ယ်လို့ ရတယ်။


ကျောက်တုံး ရေတံခွန်


နတ်ခန်း


ကချင်ရိုးရာအိမ်မှာ အခန်းတိုင်း မီးဖိုတွေ့ရတယ်။


ရေစင်


အိပ်ခန်း (ကချင်အမျိုးသမီး၊ အမျိုးသား ရိုးရာ အ၀တ်အစားများ) မိသားစုအလိုက် လူကြီး ကလေး အားလုံး ရိုးရာဝတ်စုံ တစ်စုံစီဝတ်ပီး ဓာတ်ပုံရိုက်လို့ ရပါတယ်။ ၀တ်စုံတစ်စုံစီ ၀တ်ခက ၅၀၀ ကျပ် ပါ။ အပေါ်ကနေ ထပ်ဝတ်ပီး ၀တ်ဆင်ကြတာပါ။



ကချင်ရိုးရာအိမ်က မီးဖိုချောင်မှာ တွေ့ရတဲ့ ပစ္စည်းတွေပါ။


ကချင်ရိုးရာအိမ်ရှေ့မှာ သဘာဝဆန်ဆန် လုပ်ပေးထားတဲ့ ဌက်လှောင်အိမ် အကြီးကြီး ရှိပါတယ်။ အဲဒီမှာ ဒေါင်း၊ ကြက်တူရွှေး နဲ့ ဘဲတွေကို တွေ့ရတယ်။ ဒီ သားအဖတွေကတော့ ခဏ ခဏ လာဖူးလို့နဲ့ တူပါတယ်။ ဒီက ကြက်တူရွှေးတွေက နေကြာစေ့ ကြိုက်တယ်ဆိုပီး နေကြာစေ့တွေ ကျွေးနေတဲ့ ပုံပါ။ ကြက်တူရွှေးက နေကြာစေ့ကို နှုတ်သီးနဲ့ အခွံခွာစားပီး အမှိုက်တွေကို အောက်ပစ်ချတာ။




0 comments:

Related Posts Plugin for WordPress, Blogger...