Thursday, March 10, 2011

ဝက်ချိုချဉ်ကြော်


ဝက်သားကျိတ်ထားပီးသားကို ၂၀ ကျပ်သားလောက် ဝယ်လိုက်တယ်။ ပီးရင် ဝက်သား၊ ဆား၊ ငရုပ်ကောင်းမှုန့် နဲ့ ပထမ နှယ်ထားလိုက်ပီးမှ ကြက်ဥ အနှစ်ကို ပါ ထည့်နှယ်လိုက်တယ်။ (သမီးကတော့ ကြက်ဥ အနှစ် ကြီးပဲ ယူနေပုံကို သဘောကျနေတယ်။ အခွံကို ခွဲပီး အကာရည်ကို အခွံကြားထဲကနေ အပြင်ကို ကျစေလိုက်တဲ့ ပုံစံလေ။ ကြက်ဥ အကာက မျက်နှာလည်း သုတ်လို့ ရတယ်။ လှချင်ရင်ပေါ့ ....  ) ပီးရင် အားလုံး ရောနှယ်ပီးတဲ့အခါမှာ အကြော်မှုန့် (သို့မဟုတ်) ကော်မှုန့် ကို ရေနည်းနည်းထည့်ပီး ခဏအကြာမှာ အနည်ကျလာတဲ့ ကော်မှုန့် အနှစ် နဲ့ ကပ်ပီး ကြော်လိုက်တယ်။ ပီးရင် ဝက်သားလုံးကြော်များကို သပ်သပ် ထားလိုက်ပါ။


ဒယ်အိုးထဲမှာ ဆီ နည်းနည်းထည့်ပီး ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်၊ လေးခြမ်းစိပ် ကြက်သွန်နီ ထည့်၊ လှီးထားတဲ့ ပြောင်းဖူးသေး၊ မုန်လာဥနီ၊ ဘိုစားပဲ ထည့်ကြော် ပီး ရင် ဟင်းခပ်မှုန့် နည်းနည်းထည့် ရေလေး နည်းနည်းလောက်ပဲ ထည့်ပီး အဖုံးအုပ်ထားလိုက်ပါ။


ဟင်းသီးဟင်းရွှက်များ နူးစပြုလာပီ ဆိုရင် ကြော်ထားပီးသော ဝက်သားလုံးများထည့်၊ ဆော့အတွက် အသင့်ဖျော်ထားသော ဝက်ချိုချဉ်ကြော်ဆော့စ် ( tomato sauce (သို့မဟုတ်) ပဲငံပြာရည်အကြည်၊ ဗီနီဂါ (သို့မဟုတ်) သံပုရာရည်၊ သကြား၊ ရေ ) ကို ထည့်မွှေ၊ ဟင်းအိုး ချခါနီးမှ ကော်မှုန့် တစ်ဇွန်း နဲ့ ဖျော်ထားတဲ့ ကော်ရည်ကို ထပ်ထည့်လိုက်ပါ။ ချိုချဉ် ပီး စားလို့ မြိန်တဲ့ သမီး နဲ့ သားအကြိုက် ဝက်ချိုချဉ်ကြော်တစ်ပွဲပါပဲ။ သမီးကတော့ ဘယ်လို ချက်တယ် ဆိုတာကို သိသွားသလို၊ ဝက်သားလေးတွေကိုလည်း ကူပီး လုံးပေးပါတယ်။


Thet Nandar (11-Dec-2010)

0 comments:

Related Posts Plugin for WordPress, Blogger...