Thursday, March 10, 2011

ကြက်အသဲအမြစ်ဟင်း၊ တညင်းသီးငပိကြော်


ကြက်အသည်းအမြစ်တွေကို ရေသေချာဆေးပီး ဆနွင်းမှုန့်၊ ဆား၊ ငရုတ်သီး အစိမ်းမှုန့် တို့ နဲ့ နှယ်။

ချက်မယ့် အိုးထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အနှစ်တွေကို ဆီသပ်၊

ခရမ်းချဉ်သီး ထည့်၊ ခရမ်းချဉ်သီးလေးတွေ ကြေသွားပီ ဆိုတာနဲ့ ....

ကြက်အသည်းအမြစ်တွေကို ထည့် နယ်၊ အဖုံးအုပ်ပေးထားလိုက်ပီး

ဆီပြန်လာပီ ဆိုတာနဲ့ ဆားလေး တစ်ဇွန်းဝက်လောက်ကို ဖြူးပေးလိုက်ရုံပါပဲ။



ကြက်အသည်းအမြစ် ဆီပြန်ဟင်း


ငပိကြော် ပုံစံမျိုးပဲ အိမ်မှာ ချက်ထားတာပါ။ တညင်းသီး ကို အပြောင်းအလဲလေး တခု အနေနဲ့ ငပိကြော် ထဲ တညင်းသီး ကို ထုထောင်းပီး ရောကြော်ထားတာ။ စားလို့ ကောင်းတယ်။

ပထမဦးဆုံး တညင်းသီးတွေကို ကြော်ပါ။

ပီးရင် တညင်းသီးများကို တခြမ်းချင်းစီ ငရုတ်ကျည်ပွေ့ ထဲ ထည့်ပီး ခပ်ပြားပြားလေး ဖြစ်အောင် ထုထောင်းပေးပါ။

ကြေအောင်ထောင်းလည်း ရတာပါပဲ။ အိမ်မှာကတော့ တညင်းသီး ဖတ်လေးတွေလည်း မြင်ချင်၊ စားချင်သေးတာမို့လို့။ အရမ်း ကြေနေအောင် မထောင်းထားပါဘူး။

ပီးရင် ဆီ အိုးကို ပြန်တည်ထား။

ကြက်သွန်ဖြူ အမွှာကြီး ၅ မွှာကို အခွံခွါ၊ မထူမပါးလေး စိပ်ထား၊

ကြက်သွန်နီ ၃ ဥ လောက်ကို ပါးပါးလှီးထားပါ။

ဆီပူလာပီ ဆိုတာနဲ့ ကြက်သွန်ဖြူ ထည့်၊ ဆနွင်းမှုန့် အနည်းငယ်ထည့်။ ကြက်သွန်ဖြူ တွေ ရွှေရောင်သန်း ခါနီးရင် မီးအရှိန်လေးကို လျှော့ ၊ ရပီဆိုရင် ဆယ်ထားလိုက်ပါ။

ကြက်သွန်နီကိုလည်း ပါးပါးလှီးထားတာ ထည့်ကြော်၊ တဝက်လောက်ကို ဆယ်ထားပီး ... ကျန်တဝက်နဲ့

ငရုတ်သီး အကြမ်းမှုန့် (ဒီနေ့ မထည့်ထားဘူး) ၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ ကို ထည့်၊ မွှေပေးပါ။ စိမ်းစားငပိများ ကြေပီး နှံစပ်သွားတဲ့ အခါမှာ တညင်းသီးများကို ထပ်ထည့်ပီး မွှေပါ။

မန်ကျည်းသီးမှည့် ကို ရေ နဲ့ အနည်းငယ်လောက် ဖျော်ပီး ထည့်ပေးပါ။ ဆားလေး ဖြူးပေးပါ။

မစိုလွန်း၊ မကျွတ်လွန်းသော အနေအထားရပီ ဆိုရင် ရပါပီ။

ဆယ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်များ ကို အပေါ်မှ ဖြူးပေးပါ။

ငပိကြော်ကတော့ လတ်လတ်ဆတ်ဆတ် အိမ်ချက် ပူပူနွေးနွေး လေးကို ပိုကြိုက်တယ်။

အိမ်မှာ ငပိကြော်ကို လွန်ရော ကျွံရော ၃ ရက်စာလောက်ပဲ ထားတယ်။ ဒါကြောင့်မို့လို့ ငပိကြော်တဲ့အခါ နည်းနည်းပဲ ချက်တယ်။
ငပိကြော် နဲ့ ထမင်းစားတဲ့အခါ .. ထမင်းနဲ့ ငပိကြော်ကို နယ် ... ပီးတဲ့အခါမှာ သေးသေးလေး စိပ်ထားတဲ့ သံပုရာစိတ်လေးတွေ ထည့်မြုပ်ပီး စားရင် တော်တော်လေး စားကောင်းပါတယ်။


တညင်းသီးငပိကြော်က မွေးတယ်။ တညင်းသီး အနံ ခပ်ပြင်းပြင်းလည်း မထွက်တော့တာမို့လို့ ပြည်ပကို သယ်သွားရတာလည်း အဆင်ပြေပါတယ်။

0 comments:

Related Posts Plugin for WordPress, Blogger...