Thursday, March 10, 2011

အမဲသားမွှကြော်


အမဲသား ကို ရေသေချာဆေး၊ အသားတွေကို ညီနံမထွက်အောင် ရေသေချာဆေးပါ။
ဆနွင်းမှုန့် လက်ဘက်ရည်ဇွန်း တ၀က်၊

ဆား (စားပွဲတင်ဆား) လက်ဘက်ရည် ဇွန်း တစ်ဇွန်းခွဲ၊ (မှတ်ချက် ... ဇွန်းမောက်မောက် မဟုတ်ပါ)
အသားမှုန့် (ကြက်သားမှုန့် ခနှောတံဆိပ်) လက်ဘက်ရည်ဇွန်းတ၀က်၊ ထည့်ပီး အသားထဲကို အမှုန့်များ နံစပ်သွားအောင် နှယ်ပေးပါ။

အချိန်ရ ရင် ခဏလောက် နှပ်ထားလိုက်တယ်။
Rice Cooker ထဲမှာ နှယ်ပီးသား အသားများထည့်လိုက်တယ်။ ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း ( ညှက်အောင် မထောင်းပါ၊ ညှက်အောင် ထောင်းလည်း ရပါတယ်။ ဒါပေမယ့် ပြုတ်ကြော်မှာမို့လို့ ကြက်သွန်ဖြူ၊ ဂျင်းက မညှက်လည်း သိပ်ပီးတော့ ကိစ္စမရှိပါ၊ ဟင်းအနှစ်အတွက် ဆိုရင်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ဂျင်း၊ စပါးလင် တို့က ညှက်နေအောင် ထောင်းပါတယ်၊ အခုက ပြုတ်ကြော်မို့လို့ ကြက်သွန်ဖြူ ၄ မွာ ခပ်ကြီးကြီးကို ငရုတ်ကျည်ပွေ့ နဲ့ တချက်လောက် ထုထည့်လိုက်ပီး အခွံခွာ၊ အိုးထဲထည့်၊ ပီး ဂျင်းကို လက်သန်း လက်တဆစ် လောက် လှီးပီး ငရုတ်ကျည်ပွေ့ နဲ့ ထု၊ အခွံခွာ အိုးထဲ ထည့်၊ စပါးလင် တချောင်း ကို လည်း အောက်ခြေ စပါးလင်အမြစ်တွေ ရှင်းပီး ငရုတ်ကျည်ပွေ့ နဲ့ ထု၊ အိုးထဲ ထည့် ) ဆီမထည့်ပါဘူး။ ပြုတ်ကြော်မှာမို့လို့ အသားများ ထည့်ပီး cook ခလုပ်ကို နှိပ် ၊ ခဏ အပူပေးပီးတာနဲ့ ဇွန်းနဲ့ အသားတွေကို မွေပါ။ အသား အရောင် ပြောင်းပီး အနှံလေးတွေလည်း မွေးတက်လာမှ အမဲသား အချိုရည်တွေ ထွက်မသွားအောင် ရေကို ဟင်းရည်သောက် ပန်းကန်လုံး ၂ လုံးစာလောက် ထည့်ပီး ရေခန်းပြုတ်ပါ။

Rice Cooker ခလုပ် warm ကို တက်လာပီး အသားလည်း ကျက်သွားပီ ဆိုရင် အမဲသားပြုတ်တွေကို ခဏလောက် ဆယ်ထားပီး အအေးခံထားပါ။

ပီးရင် အမဲသားပြုတ်များကို ငရုတ်ဆုံထဲ ထည့်၊ ငရုတ်ကျည်ပွေ့ နဲ့ ခပ်ဖွဖွလေး ထုထောင်း။ ပြားသွားရင် လက်နဲ့ အသာလေး အမဲသားမျှင်များကို နွှင်ပေးပါ။ အမဲသားအမျှင်လေးတွေ ရှည်ရှည်လေးတွေ လိုချင်ရင် စကတည်းက အမဲသားအတုံးတွေကို ကြီးကြီးလေး လှီးထားပေးပီးမှ ပြုတ်ရင်လည်း ရပါတယ်။ အသားများ အားလုံ နွှင်ပီးတဲ့အခါမှာ ကြက်သွန်ဖြူဥ ကြီးကြီးလေး ၅မွှာလောက်ကို သေးသေးလေး စိတ်လိုက်ပါ။ ကြက်သွန်နီကို ပါးပါးလေး လှီးပေးထားပါ။

ဆီကို ထမင်းစားတဲ့ ဇွန်း နဲ့ ၈ ဇွန်းလောက် ထည့်။ non stick pan နဲ့ ကြော်တာ ပိုကောင်းပါတယ်။ ဆီပူလာပီဆိုရင် မီးဖို မီးခလုတ်ကို အလယ်ကွိုင်ပဲ ထားပါ။ ပါးပါးလှီးထားသော ကြက်သွန်နီ ကို ထည့်။ ဆနွင်းမှုန့် (လက်ဘက်ရည် ဇွန်းတ၀က်) လောက် ထည့်ပီး ကြက်သွန်နီများကို ဆီပူထဲမှာ မွှေပေးပါ။ ကြက်သွန်နီကြော် အ၀ါရောင် သန်းလာပီ ဆိုတာနဲ့ ဆယ်ထားလိုက်ပါ။ မဲမသွားပါစေနဲ့။

ကြက်သွန်ဖြူ ထည့်၊ (ထောင်းထားတဲ့ ကြက်သွန်ဖြူ ဆိုရင်လည်း မညက်တညက်လေး ထောင်းပါ) အလယ်ကွိုင်နဲ့ အ၀ါရောင်လေး ပြေးတဲ့အထိ ကြက်သွန်ဖြူကို ကြော်ပီးတဲ့အခါမှာ အမဲသားမျှင်လေးများကို ထည့်ပီး မွှေပေးပါ။ အမဲသားမျှင်များ အနက်ရောင် ပြောင်းပီး ကြော်တာ ရလောက်ပီ ဆိုရင် အရသာ လျှာဖြားမှာ စွဲစေဖို့ စားပွဲတင်ဆား လက်ဘက်ရည်ဇွန်းနဲ့ တ၀က်လောက် ထည့်ပါ။ အချိုမှုန့် ထည့်ရင်လည်း ရတယ်။ အိမ်မှာကတော့ အချိုမှုန့် မစားဘူး။

ဟင်းချက်ရင် အသားတွေကို မြည်းတဲ့အခါ အပေါ့၊ အငန် အနေတော်နဲ့ အရသာရှိဖို့ အတွက် အသား အစိမ်းမှာကတည်းက ဟင်းခတ်မှုန့် ( ဥပမာ - ဆား နဲ့ အခြားသော အမှုန့်များ ) ကို နှံစပ်အောင် နှယ်ပေးပီး ခဏနှပ်ထားတာ အကောင်းဆုံးပါ။ ရေခဲသေတ္တာထဲမှာ တည သိပ်ပီး နှပ်ထားလည်း ရပါတယ်။ အိမ်မှာတော့ ဒိန်ချဉ် နဲ့ နှပ်တဲ့အခါမှသာ ရေခဲသေတ္တာထဲမှာ တည သိပ်ပီး နှပ်တာပါ။ များသောအားဖြင့်ကတော့ ဆားနှယ်ပီးသား အသားများကို မိနစ်အနည်းငယ်လောက်ပဲ နှပ်ထားတာများတယ်။

စားတဲ့အခါ အရင်ဆုံး လျှာပေါ်မှာ စွဲသွားစေဖို့က ဟင်းတွေ ကျက်ခါနီးမှာ ဆား (သို့မဟုတ်) အချိုမှုန့် ကို နှမ်းဖြူး သလို ဖြူး ပေးစေတာ အကောင်းဆုံးပါ။ ဒါမှ ဟင်းကို မြည်းလိုက်တဲ့အခါ လျှာပေါ်တင်လိုက်တာနဲ့ အရသာ ရှိသွားပီး အသားတွေကို ၀ါးလိုက်တဲ့ အခါမှာလည်း အရသာ ရှိတဲ့ အသားဟင်းကို ရမှာပါ။

မဆလာ ကို ဟင်းကျက်ခါနီးမှ အုပ်မယ် ဆိုရင် မဆလာကို ဆီပူ တစ်ဇွန်း နဲ့ ဇွန်းထဲမှာ အရည်ဖျော်ပီးမှ ထည့်ချက်တာ ပိုကောင်းပါတယ်။ အိမ်မှာတော့ မဆလာ အုပ်ပီး ချက်တဲ့ ဆိတ်သားကြော်တို့ အမဲသားကြော်တို့ ဆို အသားတွေ ကျက်ခါနီးပီ ဆိုရင် ဆီပူ နဲ့ မဆလာမှုန့်ကို ဇွန်းထဲမှာ ထည့်မွေပီးမှပဲ မဆလာအုပ်တာပါ။ မဆလာ အမှုန့်ကို ဟင်းတွေ ထဲ ဖြူး ပီး မချက်ပါဘူး။

တကယ်တန်း ဟင်းချက်တာမှာ ကိုယ် အကြိုက် ကိုယ်လိုက်ပီး ကိုယ်စားချင်တဲ့ ပုံစံအတိုင်း ချက်တာ စိတ်အချမ်းသာဆုံးပါပဲ။ အိမ်မှာကတော့ ကိုယ့်  ခံတွင်းတွေ့မယ့် ကိုယ့် အကြိုက် တိုင်းပဲ ချက်တာပါ။

အပြင်စာတွေ အခုနောက်ပိုင်း သိပ်မစားဖြစ်တော့ဘူး။ တခါ တလေ အပြင်စာ ထွက်စားဖြစ်ရင် အနည်းဆုံး တစ်သောင်းလောက် ကုန်တယ်။ ထမင်း၊ ဟင်း အပြင် အအေး နဲ့ မုန့်ပါ တွဲစားတတ်တော့ အဲဒီလောက်ကို ကုန်တယ်။ ပီဇာ ဆိုလည်း ၈၀၀၀ နဲ့ အအေး ဖိုး နဲ့တင် ၃ယောက်စာကို တစ်သောင်းနီးပါး၊ ကြက်ကြော် ၊ ကြက်ဆီထမင်း၊ အအေး ဖိုး ဆိုလည်း ၆ ထောင် အထက်၊ ဒန်ပေါက်ဆိုလည်း ၃ ဗူး ဆို ၄၅၀၀ နဲ့ အအီပြေ ကိုကာကိုလာ ဗူး နဲ့ ဆို ၁ သောင်းနီးပါး။ အဓိက ကတော့ ဆီ နဲ့ အချိုမှုန့် ကြောင့်ပါ။ အေးတဲ့ ရာသီမှာ ဆီမသန့် ရင် ၊ ဆိုးဆေးတွေ ပါတဲ့ အစာ တွေ၊ အချိုမှုန့်တွေ စားမိရင် တခါတရံ ဇက်ကြောတက်တယ်။ ကိုယ် ဘာသာကို အိမ်မှာ ချက်တဲ့ ဟင်းဆိုရင် ဇက်ကြောမတက်ဘူး။

0 comments:

Related Posts Plugin for WordPress, Blogger...